စီမံရေးရာဌာနသည် ဆေးတက္ကသိုလ်(၁) မိသားစု၀င်များအတွက် လိုအပ်သော ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ဒေသဆိုင်ရာ ဥပဒေ၊ ထုတ်ပြန်ချက်များနှင့် စပ်လျဉ်းသည့် အကူအညီ၊ အကြံပြုချက်၊ လမ်းညွှန်ချက်၊ သတ်မှတ်ချက်များကို ထုတ်ပြန်ပေးပါသည်။ ထို့အပြင် သာတူညီမျှရှိရေးဆိုင်ရာ ဥပဒေနှင့် မူဝါဒများ (ပြည်သူ့အခွင့်အရေး၊ လုပ်အားခမျှတရေး၊ ပြန်လည်ထူထောင်ရေး ဥပဒေများ အပါအဝင်) နှင့် စပ်လျဉ်းသည့် ပညတ်ချက်များနှင့် နည်းလမ်းများကိုလည်း ပံ့ပိုးပေးပါသည်။ ခွဲခြားဆက်ဆံခံရ၍ တိုင်ကြားမှုများအတွက် ဆေးတက္ကသိုလ် (၁) ဝန်ထမ်းလမ်းညွှန်၏ “ခွဲခြားဆက်ဆံခြင်းဆိုင်ရာ မူဝါဒနှင့် ပြန်လည်သုံးသပ်မှုလုပ်ငန်းစဥ်” အခန်းတွင် ရှုပါ။
ခွဲခြားဆက်ဆံခြင်းဆိုင်ရာ မူဝါဒနှင့် ပြန်လည်သုံးသပ်မှုလုပ်ငန်းစဥ် (Discrimination Policy and Review Procedure)
မူးယစ်စိတ်ကြွဆေးကင်းစင်သောလုပ်ငန်းခွင် (Drug-free Workplace) တက္ကသိုလ်၏ မူးယစ်စိတ်ကြွဆေးဝါးများနှင့်အရက်သေစာဆိုင်ရာမူဝါဒသည် ဆေးတက္ကသိုလ် (၁) မိသားစုဝင်များ၏ ကျန်းမာရေးနှင့် လူမှုဘဝပျော်ရွှင်ချမ်းမြေ့ရေးကို ဦးတည်ထားပြီး ဆေးတက္ကသိုလ် (၁) အသိုက်အဝန်းတစ်ခုလုံးသည် ပြဌာန်းထားသော မူးယစ်ဆေးဝါးဆိုင်ရာဥပဒေများနှင့် လုပ်ငန်းခွင်လုံခြုံမှုဆိုင်ရာ ဥပဒေနှင့် ပြဌာန်းချက်များအတိုင်း လိုက်နာမှုရှိသည်ကို သေချာစေရန် ရေးဆွဲချမှတ်ထားပါသည်။ အဆိုပါမူဝါဒများ သို့မဟုတ် ဥပဒေ၊ ပြဌာန်းချက်များကို ကျူးလွန်ဖောက်ဖျက်ပါက ပြစ်ချက်ကြီးငယ်အလိုက် သတိပေးတားမြစ်ခြင်းမှသည် ဆေးတက္ကသိုလ် (၁) မှ အပြီးတိုင်ဖယ်ရှားခြင်းအထိ အရေးယူခြင်းခံရမည့်အပြင် ဥပဒေအရ အရေးယူစေမည်ဖြစ်ပါသည်။ ထိုသို့ဖောက်ဖျက်ခြင်းသည် ဖောက်ဖျက်သူသာမက ဆေးတက္ကသိုလ် (၁) အသိုက်အဝန်းတစ်ခုလုံး၏ လူမှုဘဝအေးချမ်းသာယာရေးကိုပါ ဆိုးရွားစွာထိခိုက်စေပြီး ဆေးတက္ကသိုလ် (၁) ၏ မွန်မြတ်သော ပညာရေးဆိုင်ရာရည်မှန်းချက်များအကောင်အထည်ဖော်ဆောင်ရေးအတွက် များစွာထိခိုက်စေမည်ဖြစ်သည်ကို သတိပြုစေလိုပါသည်။ ဤမူဝါဒသည် ဆေးတက္ကသိုလ် (၁) ၏ ဝန်းထမ်းအားလုံး (ယာယီအစမ်းခန့်နှင့် အချိန်ပိုင်း ဝန်ထမ်းအပါအဝင်)နှင့် မှီတင်းနေထိုင်ကြသော ဝန်ထမ်းမိသားစုအားလုံးအတွက် အကျုံးဝင်သည်။ ၁။ ထိန်းချုပ်ဆေးဝါးများ ဝန်ထမ်းများသည် ထိန်းချုပ်ဆေးဝါးများကို သုံးစွဲခြင်း၊ ပြုလုပ်/ထုတ်လုပ်ခြင်း၊ ဖြန့်ဝေခြင်း၊ ပေးဝေခြင်း (သို့မဟုတ်) အဆိုပါဆေးဝါးတို့၏ လွှမ်းမိုးမှုခံနေရအောင်နေထိုင်ခြင်း တို့ကို ဆေးတက္ကသိုလ် (၁) ပိုင်ဆိုင်သော (သို့မဟုတ်) ဆေးတက္ကသိုလ် (၁) မှ တာဝန်ယူထားရသော နေရာများ (မော်တော်ယဥ်များအပါအဝင်)နှင့် ဆေးတက္ကသိုလ် (၁) ၏ တက္ကသိုလ်ပြင်ပ လှုပ်ရှားမှုပြုလုပ်ရာနေရာများ တွင် လုံးဝ မပြုလုပ်ရ။ ထိန်းချုပ်ဆေးဝါများ၏ ဥပမာများမှာ - ကိုကင်း၊ ဆေးရွက်ကြီး၊ ဘိန်းဖြူ အစရှိသည်တို့ ပါဝင်သော ပစ္စည်းများကို ဆိုလိုသည်။ ဆေးတက္ကသိုလ် (၁) သည် ကျူးလွန်ဖောက်ဖျက်သူများကို စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အရေးယူဆောင်ရွက်မှုများအား ဆေးတက္ကသိုလ် (၁) ၏ မူဝါဒ၊ စည်းမျဉ်းစည်းကမ်းများ၊ ဥပဒေပြဌာနးချက်များနှင့်အညီ ပြုလုပ်မည်ဖြစ်သည်။ အဆိုပါအရေးယူမှုများတွင် ပြန်လည်တာဝန်ပေးခန့်ထားနိုင်သော မူးယစ်ဆေးဝါးဆိုင်ရာ ကုသမှုခံယူစေခြင်း၊ တိုင်ပင်အကြံပေးမှု ခံယူစေခြင်း တို့မှသည် ရာထူးတိုးရပ်ဆိုင်းခြင်း၊ ဝန်ထမ်းအဖြစ်မှ ရပ်စဲခြင်းနှင့် ဥပဒေဘောင်တွင်းသို့ ပို့ဆောင်အရေးယူစေခြင်းတို့ထိ ပါဝင်မည်ဖြစ်သည်။
သတင်းပို့ရာတွင် လိုအပ်ချက်များ
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများဆိုင်ရာဥပဒေအရ ဆေးတက္ကသိုလ် (၁) ၏ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများသည် အထက်ဖော်ပြပါ ဆေးတက္ကသိုလ် (၁) ၏ လုပ်ငန်းခွင်များတွင် အထက်ဖော်ပြပါ ကျူးလွန်မှုများကို တွေ့ရှိပါက မိမိအထက်အရာရှိ/ကွပ်ကဲသူ၊ ဌာနမှူး၊ ဒုတိယပါမောက္ခချုပ် တို့ထံသို့ မပျက်မကွက် တိုက်ရိုက် တိုင်ကြားရမည်။ တက္ကသိုလ်မှ တာဝန်ရှိသူများသည် သတင်းပို့ချက်ကို စစ်ဆေးအတည်ပြုပြီး ဖြစ်ပွားမှုမှန်ကန်ပါက ဥပဒေအရ ပြဌာန်းထားသောသက်ဆိုင်ရာအာဏာပိုင်သို့ ဖြစ်ပွားသည့်ရက်မှ (၁၀) ရက်အတွင်း တိုင်ကြားမှုကို မပျက်မကွက် ပြုလုပ်ရမည်။ ဖြစ်စဥ်ဖြစ်ပွားသည်နှင့်တစ်ပြိုင်နက် ဝန်ထမ်းအစားထိုးမှုအတွက်ပြင်ဆင်နိုင်ရန် ဝန်ထမ်းရေးရာဌာနစိတ်သို့ ချက်ခြင်းအကြောင်းကြားရမည်။
အရက်သေစာသောက်စားခြင်း
ဆေးတက္ကသိုလ် (၁) သည် တက္ကသိုလ်လုပ်ငန်းခွင်အတွင်း အရက်သေစာပါဝင်သော အစားအသောက်များအား သုံးစွဲခြင်း၊ ပိုင်ဆိုင်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ရောင်းဝယ်ခြင်း၊ တည်ခင်းဧည့်ခံခြင်းတို့ကို အောက်ပါအတိုင်း ကန့်သတ်သည်။ ၁။ အသက် ၂၂ နှစ်အောက် အရွယ်များအား မည်သည့်အခြေအနေတွင်မဆို သုံးစွဲခွင့် မပြုစေရ၊ မသုံးစွဲရ။ ၂။ ၂၂ နှစ်နှင့်အထက်အရွယ်များအတွက် မိမိနေအိမ်တွင်းနှင့် ညစာစားပွဲခင်းကျင်းသောအချိန် ညစာစားပွဲကျင်းပရာနေရာမှအပ မည်သို့မျှ သုံးစွဲခြင်း မပြုရ။ (သုံးစွဲခြင်းရှိမရှိကို သွေးတွင်း အဆိုပါဓါတုပစ္စည်းရှိမရှိ တိုင်းတာချက်များဖြင့် အတည်ပြုနိုင်သည်။) တက္ကသိုလ်အတွင်း မည်သူမျှ အရက်သေစာသောက်စားထားလျက် တာဝန်ထမ်းဆောင်ခြင်း သင်ကြား သင်ယူခြင်း မပြုလုပ်ရ။ တက္ကသိုလ်တွင်း စည်းမျဥ်းစည်းကမ်း ချိုးဖောက်မှု နှင့် တာဝန်ဝတ္တရားပျက်ကွက်မှုများအတွက် ပစ်ဒဏ်ချမှတ်ရာတွင် အရက်သေစာသောက်စားထားခြင်းသည် ပြစ်ဒဏ်လျှော့ပေါ့ချမှတ်စေနိုင်ရန်အတွက် အခြေအနေတစ်ရပ်မဖြစ်စေရ။ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် ဌာနမှူးများသည် မိမိတို့ စီမံအုပ်ချုပ်ရသောလုပ်ငန်းခွင်အတွင်း အရက်သေစာသောက်စားမှုကို ထိန်းချုပ်ရန် အခွင့်အာဏာနှင့် တာဝန်ရှိသည်။ အရက်သေစာသောက်စားခြင်းအစီအစဥ်ပါဝင်သော အခမ်းအနားများတွင် အသက်ပြည့်သောသူများကိုသာ ရယူခြင်း၊ ဝေငှခြင်း၊ သုံးစွဲခြင်းတို့အတွက် တက္ကသိုလ်စဉ်းမျဉ်းများနှင့်လည်းကောင်း၊ ပြဌာန်းထားသော တည်ဆဲဥပဒေများနှင့်လည်းကောင်း ကိုက်ညီစွာ ခွင့်ပြုနိုင်ရေးအတွက် လိုအပ်သော အစီအစဥ်များကို ဆောင်ရွက်ရန် အခွင့်အာဏာနှင့် တာဝန်ရှိသည်။
တက္ကသိုလ်အတွင်းရရှိနိုင်သော အကူအညီများ
အရက်နှင့် မူးယစ်ဆေးစွဲခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည်။ ထိုသို့ထိခိုက်စေနိုင်သည်တို့ကို စနစ်တကျနားလည်စေနိုင်ရန်၊ ဆွေးနွေးတိုင်ပင်ရန်နှင့် ကုသမှုခံယူနိုင်ရန်တို့အတွက် ဆေးတက္ကသိုလ် ၁ ၏ ကျန်းမာရေးဆိုင်ရာဆက်သွယ်ရေးဌာနစိတ် သို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။